၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၃၅ မိနစ်) နိုင်ငံတော်ရဲ့ စပါးဝယ်ယူရေးအစီအစဉ်က တောင်သူတွေအပေါ် တကယ်အကျိုးရှိရဲ့လား


၂၀၁၉ ခုနှစ် နွေစပါးထွက်ရှိချိန်မှစပြီး ဆက်တိုက်ကျဆင်းလာခဲ့တဲ့ စပါးစျေးဟာ မိုးစပါးသစ် ထွက်ရှိလာချိန်မှာတော့ စျေးနှုန်း ထပ်မံဆင်းခဲ့သည်သာမက ဝယ်ယူသူမဲ့စျေးကွက် အခြေအနေတစ်ခုကိုပါ ယာယီရင်ဆိုင်ခဲ့ရပါတယ်။

နွေစပါးစိုက်ရာသီချိန်ကတည်းက ပြည်ပစျေးကွက် ပျောက်ဆုံးခဲ့ပြီးတော့ ပြည်တွင်းမှာ ဆန်စပါးများ လွန်စွာပိုလျှံခဲ့ပါတယ်။ ကုန်သည်ကြီးများ၊ စက်ပိုင်များရဲ့ ဂိုဒေါင်များအတွင်းမှာ မည်သည့်စျေးကွက်ကို ရောင်းချမည်မှန်းမသိဘဲ ကျန်ရှိနေတဲ့ စပါးများကြောင့် စပါးသစ်များ ထပ်မံပေါ်ပေါက်လာချိန်မှာ ဝယ်ယူသူမဲ့ စျေးနှုန်းကျလာခဲ့တာပါ။ မိုးစပါးအသစ်များ စတင်ထွက်ပေါ်လာချိန်မှာ နိုင်ငံတော်က သတ်မှတ်ထားခဲ့သည့် စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းဆိုတဲ့ စျေးနှုန်းကို တောင်သူများ မရရှိကြတော့ပါဘူး။
စပါးဝယ်ယူရေးအစီအစဉ်ဟာ အချိန်မီရဲ့လား

ဒီအချိန်မှာ နိုင်ငံတော်အစိုးရပိုင်းက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ကြေညာချက် အမှတ် (၁/၂၀၁၉) ဖြင့် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ပြည့်နှစ် နွေစပါးသီးနှံတို့ကို တစ်တင်းကို ၄၆ ပေါင်ဖြင့် စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းဖြင့် ဝယ်ယူပေးဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာပါဝင်တဲ့ စည်းကမ်းချက်တချို့ကတော့ ရောင်းချလာတဲ့စပါးဟာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းသာ ရှိရမည်ဖြစ်ပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ တစ်တင်းကို ၄၆ ပေါင်ကိုက် စံနှုန်းဟာ တောင်သူများအတွက် မျှော်လင့်စရာဖြစ်ပေမယ့် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ဖုန်၊ သဲ၊ ခဲ ကင်းစင်ရမယ် ဆိုတာကတော့ လိုက်နာဖို့ မလွယ်ကူတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ လယ်ကွင်းများမှာ လှမ်းကွင်းကလည်းမရှိ၊ လယ်ထဲက ရိတ်သိမ်းပြီးစပါးကို သန့်စင်ဖို့ဆိုတာကလည်း မလွယ်ကူလှတာမို့ ကြေညာချက်ပါ စည်းကမ်းချက်တွေကို တောင်သူတွေက လိုက်နာဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် အစိုးရပိုင်းက သတ်မှတ်ခဲ့ပေမဲ့ လက်တွေ့မှာ ချက်ချင်းလက်ငင်း မဝယ်ပေးခဲ့ကြပါဘူး။ ကြေညာချက် ထွက်ပေါ်ချိန်ကတည်းက မိုးစပါးအသစ်တွေက စတင်ထွက်ရှိနေပါပြီ။ ကုန်သည်စက်ပိုင်များက မဝယ်ယူကြတာကြောင့် နိုင်ငံတော်က စျေးနှုန်းထိန်းညှိနိုင်ရန် ငွေချေးဝယ်ယူပေးဖို့ လုပ်ဆောင်ခဲ့တာပါ။

ပြည်ထောင်စု အထွေထွေလှည့်ပတ် ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံကို အစိုးရက ထုတ်ချေးပေးပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နှစ်ဘီလျံ၊ ပဲခူးတိုင်းဒေသကြီးအတွက် ရှစ်ဘီလျံ၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ငါးဘီလျံအဖြစ် ခွဲဝေပေးပြီး လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၊ တိုင်းဒေသကြီး စပါး၊ ဆန် ဝယ်ယူရေး ကြီးကြပ်မှုအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီးတွင် ကိုးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၁ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကိုးမြို့နယ်သတ်မှတ်၍ သတ်မှတ်ထားသည့် စပါးစျေးနှုန်းများအတိုင်း ဝယ်ယူပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး စပါးဝယ်ယူနိုင်ရေးအတွက် တင်ဒါများပါ ခေါ်ယူခဲ့ပါသေးတယ်။ အဆင့်ဆင့်သော လုပ်ငန်းစဉ်များကြောင့် တကယ်စပါးဝယ်ယူဖို့ဆိုတာ အခုလို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ရောက်လာသည်အထိ ဘယ်နေရာမှာ အကောင်အထည်ဖော် ဝယ်ယူနေတယ်ဆိုတာကို တောင်သူများမသိကြပါဘူး။ တောင်သူများလက်ဝယ်မှာလည်း စပါးမရှိတော့ပါဘူး။

နိုင်ငံတော်က အစီအမံများရေးဆွဲနေမှု နောက်ကျနေစဉ်အတွင်းမှာပဲ လက်ရှိစျေးကွက်စျေးနှုန်းများအရ တောင်သူများလက်ဝယ်မှာ စပါးမရှိတော့တဲ့အချိန်မှာ ဖြစ်လေ့ရှိတဲ့ ထုံးတမ်းစဉ်လာအတိုင်း စပါးစျေးနှုန်းဟာ သတ်မှတ်ထားတဲ့ စပါးကြမ်းခင်းစျေးနှုန်းအထက်ကို ပြန်လည်ရောက်ရှိသွားပါပြီ။ တောင်သူများကတော့ ပေါင် ၅၀ တစ်တင်းကို ကျပ်ငါးသောင်းတောင်မပြည့်တဲ့ စျေးနှုန်းနဲ့ လက်တွေ့မှာ ရောင်းချခဲ့ရပါတယ်။ စပါးသစ်ပေါ်ပြီဆိုတာနဲ့ အနောက်ကပါလာမြဲဖြစ်တဲ့ အမတော်ကြေးဆပ်ဖို့၊ ပုဂ္ဂလိကချေးငွေတွေဆပ်ဖို့ ဆိုတာတွေကြောင့် တောင်သူများအနေဖြင့် ဘယ်လိုမှလက်ဝယ်မှာ စပါးကို ကိုင်မထားနိုင်ကြဘဲ ရတဲ့စျေးနှုန်းနဲ့သာ ရောင်းချ၊ ဝယ်ပေးမယ့်သူရှိတာကိုတောင် ပျော်ရွှင်ခဲ့ရတဲ့ ဘဝပါပဲ။ အရင်းဆုံးတာ၊ မမြတ်တာဘေးနား။ ခဏထား ကြွေးပူတွေ လျော့ကျဖို့သာ သူတို့စပါးတွေကို အရှုံးခံ ရောင်းခဲ့ရပါတယ်။

“ သူတို့ကစပြီးတော့ ငွေထုတ်ပေးမယ် ဆိုကတည်းက သူတို့ထုတ်ပေးတဲ့ ငွေကလည်း ဧရာဝတီတိုင်းနဲ့ဆိုရင် တစ်မြို့နယ်စာတောင် အပြီးအပြည့်ဝယ်လို့မရဘူး။ နောက်ပြီးတော့ အဲဒီပိုက်ဆံကို ခွဲဝေမှုကျတော့လည်း အပေါ်ပိုင်းမှာတင် ခွဲဝေလိုက်ပြီးတော့အကုန် ပျောက်သွားတယ်။ အကြီးပိုင်းသမားတွေလောက်ပဲ ညှိနှိုင်းသွားတယ်။ ပြီးတော့ ၄၆ ပေါင်ကို ငါးသိန်းလို့ သတ်မှတ်ထားပေမဲ့ တကယ်တမ်းရောင်းသွားတော့ ပေါင် ၅၀ ကိုမှ ငါးသိန်းစျေးပဲရတယ်။ အဲဒါတောင် အကောင်းမှ။ နည်းနည်းညံ့သွားရင် မရတော့ဘူး။ အစိုဓာတ်ပါရင်ပါသလောက် ထပ်တိုးယူတယ်။ ၅၅ ပေါင်တို့အထိ ယူသွားတာတွေလည်းရှိတယ်။ သူက ချုပ်ထားတဲ့ စျေးမဟုတ်ဘူး။ ၄၆ ပေါင်နဲ့ ငါးသိန်းစျေးပဲရတောင် တင်း ၁၀၀ ကို ငါးသိန်းလေးသောင်းလောက် သွားကိုက်တာ။ အခုက ပေါင် ၅၀ နဲ့ ဝယ်သွားတာဆိုတော့ ပိုထိတာပေါ့။ အခုဝယ်ယူရေးအစီအစဉ်ကြီးက တောင်သူအတွက် အကျိုးရှိ မသွားဘူး။ တကယ်လို့ လိုအပ်တဲ့အချိန်မှာ သူတို့က ငွေထုတ်ပေးရမှာလေ။ ငွေထုတ်ပေးတာကလည်း နောက်ကျတယ်။ ပြီးတော့ ဝယ်ယူမှုအစီအစဉ်တွေက ချိန်းနေတာနဲ့ စပါးက တဖြည်းဖြည်းနဲ့ကွင်းထဲမှာ ပျောက်သွားတယ်။ တောင်သူက ဘယ်နေနိုင်မလဲ။ ရောင်းရတာပဲလေ။ ဥပမာ အမတော်ကြေး ဆပ်စရာတွေနဲ့ တောက်လျှောက်က ကပ်နေတော့ ရတဲ့စျေးနဲ့ပဲ ဝယ်မယ့်သူရှိရင် ကျေးဇူးတင်တယ်ဆိုပြီးတော့ပဲ ရောင်းရတာပဲ” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးတင့်က ပြောပါတယ်။

မျိုးကွဲစပါးများနဲ့ ကြမ်းခင်းစျေးနှုန်း

ဒါ့အပြင် မြန်မာနိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးအစားကွဲပေါင်းများစွာရှိတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် စပါးသီးနှံစိုက်ပျိုးတဲ့နေရာမှာ တစ်နေရာနဲ့ တစ်နေရာ မတူညီကြပါဘူး။ ဥပမာ ဧည့်မထစပါးကို ပြည်၊ ပဲခူးဘက်မှာ စိုက်ပျိုးတာနဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်မှာ စိုက်ပျိုးတာတောင်မှ စပါး အရည်အသွေးက မတူညီပါဘူး။ ပြည်၊ ပဲခူးဘက်က စပါးအရည်အသွေးဟာ အနည်းငယ် လိုအပ်ချက်ရှိတာမို့ စျေးကွက်မှာ စျေးနှုန်း ရရှိပုံကလည်း ကွာလှပါတယ်။ အရည်အသွေးအလိုက် စပါးတင်း ၁၀၀ ကို သုံးသောင်းမှ ငါးသောင်းကျော်အထိ စျေးနှုန်းကွာဟပါတယ်။ ဒါ့အပြင် မိုးစပါး၊ နွေစပါးရယ်လို့ တစ်နှစ်ကို နှစ်သီးစားစိုက်ပျိုးလို့ရတဲ့ ဒေသရှိသလို တစ်နှစ်ကိုမှ မိုးစပါးတစ်သီးသာ စိုက်ပျိုးလို့ရတဲ့ ဒေသတွေလည်းရှိပါတယ်။ ဒါ့ကြောင့် တစ်သီးစားသာ စိုက်ပျိုးလို့ရတဲ့ ဒေသတွေမှာတော့ သက်ကြီးစပါးမျိုးတွေဖြစ်တဲ့ ပေါ်ဆန်းစပါးကိုသာ အဓိကထားစိုက်ပျိုးကြပါတယ်။

သက်ကြီးမျိုးနွယ် ပေါ်ဆန်းစပါးများဟာ ယမန်နှစ်စပါးရာသီမှာ စပါးတင်း ၁၀၀ ကို ကျပ် ၁၀ သိန်းဝန်းကျင် စျေးနှုန်းရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပေါ်ဦးစအချိန်မှာ ခြောက်သိန်းခန့်ကနေစတင်ပြီးတော့ တောင်သူများ လက်ဝယ် စပါးများမကျန်ရှိတော့တဲ့အချိန်မှာတောင်မှ ကျပ်ခုနစ်သိန်းခန့်သာ ရှိပါတယ်။ သတ်မှတ်ထားတဲ့ စပါးစျေးနှုန်းရဲ့ ကြမ်းခင်းအထက်မှာရှိတယ်ဆိုပေမဲ့ ရသင့်တဲ့စျေးနှုန်း မဟုတ်တာကြောင့် တောင်သူများအနေဖြင့် ခက်ခဲခဲ့ရပါတယ်။ ဒါ့အပြင် ဆည်ရေသောက်နဲ့ ရေချိုမရရှိတဲ့ ပင်လယ်ကမ်းနီးဒေသများက တစ်သီးစားတောင်သူများဟာ ယခုနှစ်မှာ မိုးရေလောက်လုံစွာ မရရှိမှုကြောင့် သီးနှံများစွာ ပျက်စီးခဲ့ရပါတယ်။ မျိုးစပါးတောင်မရရှိဘဲ တံစဉ်လွတ်ရတဲ့အဖြစ်ဟာ လာမည့်နှစ်အတွက် ဘာနဲ့စားပြီး ဘာနဲ့ရပ်တည်ရမလဲဆိုတာတောင် တောင်သူတွေ မသိကြတော့ပါဘူး။

“ စပါးက အထွက်ဆုတ်တာမဟုတ်ဘူး။ ရိတ်လို့ကိုမရတာ။ အထွက်ဆုတ်တာလောက်က ကိစ္စမရှိဘူး။ လယ်တစ်ဧကကို အရင်က ၅၀၊ ၆၀ လောက်သီးတဲ့ဟာက ၄၀ လောက်၊ ၃၀ လောက်သီးရင်တောင် ကိစ္စမရှိဘူး။ အခုက လယ်တစ်ဧကကို လိုက်ရိတ်မှ ငါးတင်းလောက်ပဲရတယ်။ တချို့ဟာတွေဆို မရိတ်ဘဲ ထားခဲ့ရတာက တံစဉ်လွတ်တွေက မြင်တဲ့အတိုင်းပဲ။ ကျွန်တော်ဆို ဧက ၆၀ လောက် လုပ်တာ ၃၀ လောက်က တံစဉ်လွတ်သွားတယ်။ ကျန်တဲ့ဟာကလည်း လယ်တစ်ဧကမှ ငါးတင်း၊ ခြောက်တင်းလောက်ရတော့ ဘယ်လိုမှ မလုပ်တတ်ဘူး။ မရှင်းတတ်ဘူးဖြစ်နေတာပေါ့။ မိုးက ကျွန်တာ်တို့ စားရမယ့်အချိန်မှာ စားမိုးမရွာလိုက်တော့ အကုန်လုံးက မိုးလွတ်သွားတာပေါ့။ မိုးလွတ်သွားတော့အကုန်လုံး အပင်တွေက အနှံတွေကထွက်ပြီးတော့ အောင်အောင်မြင်မြင် မရှိတော့ဘူးဖြစ်သွားတာ။ အခုဆို ကျွန်တော်တို့မှာ ဘဏ်ချေးငွေတွေရှိတယ်။ တခြားပုဂ္ဂလိကကနေပြီးတော့ ထောက်ပံ့ထားတဲ့ ချေးငွေတွေလည်းရှိတာပေါ့နော်။ NGO က ချေးငွေတွေကတော့ စားစရာမရှိ လျော်စရာရှိဆိုပြီးတော့ ဆပ်ရတာပေါ့။ ကိုယ့်အစိုးရနဲ့ ပတ်သက်တာကျတော့ ဘယ်လိုလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ပါဘူး။ သူတို့လုပ်ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲ။ တစ်ဧကကို စိုက်ပျိုးစရိတ်က နှစ်သိန်းကျော်ကုန်တယ်။ ကျွန်တော်တို့က ပေါ်ဆန်းယဉ်စိုက်တာ မနှစ်က တင်း ၁၀၀ ကို ၁၀ သိန်း လောက်ရောင်းရတယ်။ အခုက ခြောက်သိန်း၊ ခုနစ်သိန်းလောက်ပဲရှိတယ်။ တစ်ဧကကို သုံးသိန်း၊ လေးသိန်းလောက်ဆုံးသွားတယ်။ ရိတ်ခတောင် မရတာတွေဆိုတော့ အကုန်ကုန်တာပေါ့” ဟု လပွတ္တာမြို့နယ် သပြုကုန်း ကျေးရွာအုပ်စု ပျဉ်ထောင်တွင်းရွာက တောင်သူတစ်ဦးဖြစ်သူ ကိုအောင်ကြီးက ပြောပါတယ်။

တောင်သူများဟာ ငါတို့ဒေသ ငါတို့ ရေမြေနဲ့ ကိုက်ညီပြီး စိုက်ပျိုးလို့ရတဲ့ သီးနှံတွေထဲမှာ ဘယ်သီးနှံဟာ ဘယ်အချိန်မှာ ပြည်ပစျေးကွက်ရရှိနိုင်သလဲ အဝယ်လိုက်မလဲဆိုတာကို မသိရှိကြရတာက တောင်သူများအတွက် အခက်အခဲပါပဲ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲမှာ ဒေသခံပြည်သူတစ်ဦးက စပါးစျေးနှုန်းများ ကျဆင်းနေမှုနဲ့ပတ်သက်ပြီးတော့ ကူညီပေးဖို့ တောင်းဆိုမှုအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေကြားခဲ့ရာမှာတော့ တောင်သူများအနေနဲ့ စိုက်ပျိုးရာမှာ အကျိုးဖြစ်စေဖို့ သတင်းအချက်အလက်တွေကို လေ့လာဖို့လိုတယ်လို့ ဆိုခဲ့ပါတယ်။

“ ကျွန်တော်တင်ပြချင်တဲ့ အချက်က ဘာကြောင့်လဲဆိုတော့ မိမိတာဝန်ယူရတာက စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံနဲ့ အချင်းချင်းယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်တော်တို့မှာ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းအားရှိတဲ့ အချိန်မှာ ကျွန်တော်တို့ တောင်သူလယ်သမားများအနေဖြင့် ဘာကိုသိဖို့လိုလဲဆိုတာ သတင်းအချက်အလက်ကို လေ့လာပေးဖို့ လိုပါတယ်။ အဲဒါတွေကို စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တာရှိသလို စိုက်ပျိုးမွေးမြူရေးကလည်း ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ Facebook တွေ သုံးပြီးတဲ့နေရာမှာ သတင်းအင်မတန်မှ သိဖို့လွယ်ပါတယ်။အခုဆိုရင် ရက်ပိုင်းအတွင်းမှာ ဒါဖြစ်စဉ်လေးနဲ့ နမူနာပြောတာပါ။ အခုဆိုရင်ပြီးခဲ့တဲ့ နှစ်ရက်လောက်အတွင်းမှာ ကျွန်တော်ရတဲ့ သတင်းအရဆိုရင် အိန္ဒိယက အခုပဲဝယ်မယ်။ ဘာကြောင့် ပဲဝယ်ရသလဲ သူတို့နိုင်ငံမှာ အခုပဲနဲ့ ပတ်သက်လို့စိုက်ပျိုးနိုင်တဲ့ စွမ်းအားဟာ ဒီမှာကျသွားတယ်။ အရင်က ၁ ဒသမ ၅ သိန်း ကျော်ကနေပြီးတော့ အခုဖျက်ချပြီးတော့ ၂ ဒသမ ၅ သိန်းအထိ ဝယ်မယ်ဆိုတော့ ကျွန်တော်တို့ပြည်တွင်းစျေးက အရမ်းကို တက်သွားတယ်။ ၁၀ သိန်းကျော်လောက် တက်သွားတယ်။ မနှစ်က ငါးသိန်းကျော်လောက် ရှိတဲ့စျေးကနေ တက်သွားတယ်။ ကျွန်တော် ပြောချင်တဲ့အဓိပ္ပာယ်က အဲဒါမဟုတ်ပါဘူး။ အခု သတင်းအချက်ကိုရအောင်ယူပါ။ ဘာ့ကြောင့်လဲဆိုတော့ မိမိနိုင်ငံတစ်ခုတည်းနဲ့ ပြေးနေတာမဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ပြေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တောင်သူလယ်သမား အကျိုးစီးပွားကို ကာကွယ်တာဖြစ်သလို တခြားနိုင်ငံများကလည်း သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်တာဖြစ်ပါတယ်။ သူတို့သာ ထွက်ကုန်ကောင်းတဲ့အချိန်မှာ ရာသီဥတု မပျက်ဘူးဆိုရင် ကျွန်တော်တို့ဆီကမယူတော့ပါဘူး။ ပုံမှန်ယူနေကျတွေတောင် မယူတော့ပါဘူး။ မရှိဘူးဆိုတော့ ဆွဲတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒုတိယအနေနဲ့ဆက်လက်ပြီး အကြံပေးချင်တာကတော့ ဒုတိယအနေနဲ့ သတင်းအချက်ကိုနားထောင်ပါ။ တခြား အချက်အလက်တွေကတော့ ရှည်မှာစိုးလို့ ကျွန်တော်မပြောတော့ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

တောင်သူများကို သတင်းအချက်အလက်များ ပေးဖို့ဆိုတာ မြို့ပေါ်ဒေသတွေမှာလို Facebook ပေါ်ကနေ ကြေညာပေးရုံလောက်နဲ့ မရပါဘူး။ သူတို့တွေအနေနဲ့ နည်းပညာဆိုတာကို အသုံးပြုနိုင်မှုက အလွန်နည်းပါးပါသေးတယ်။ စိုက်ပျိုးရေးဌာနများက ဝန်ထမ်းများကိုယ်တိုင် ကွင်းဆင်းဟောပြောမှုတွေ၊ အကြံပေးမှုတွေ များစွာလိုအပ်နေပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ဆိုတာလည်း စိုက်ပျိုးရေးနိုင်ငံလို့ဆိုပေမဲ့ စိုက်ပျိုးရေးဌာနမှာ ဝန်ထမ်းဟာ အနည်းသာရှိနေခြင်းက လုပ်ငန်းအကောင်အထည်ဖော်ဖို့ ခဲယဉ်းနေပါတယ်။ မျိုးစပါးကွဲတွေ များပြားနေသရွေ့ ကြမ်းခင်းစျေးနှုန်းသတ်မှတ်ရတာ ခက်ခဲနေဦးမှာပါပဲ။ ဒါ့အပြင် တောင်သူကလည်း ကိုယ်စိုက်တဲ့မျိုးစပါးဟာ ဘယ်စျေးနှုန်းနဲ့ ဘယ်စျေးကွက်က ကြိုက်နှစ်သက်တာလဲဆိုတာကို မသိတာက အခက်အခဲဖြစ်စေနေဦးမှာပါပဲ။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်အတွင်းရှိ ကျေးလက်မှ တောင်သူအချို့ စပါးအိတ်များသယ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်အတွင်းရှိ ကျေးလက်မှ တောင်သူအချို့ စပါးအိတ်များသယ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)


ဘာ့ကြောင့် စျေးနှုန်းတွေကျနေရတာလဲ

မြန်မာနိုင်ငံမှာ စပါးထွက်ရှိမှုဟာ ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေပါတယ်။ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၈-၂၀၁၉ ခုနှစ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု စားသုံးမှု ပိုလျှံမှုအခြေအနေများဟာ ခန့်မှန်းတွက်ချက်မှုများအရ စုစုပေါင်း စပါးတင်း ပေါင်း ၃၆၅ သန်း ထွက်ရှိခဲ့ပြီးတော့ စားသုံးမှုအခြေအနေဟာ တင်းပေါင်း ၁၂၆ သန်းသာ စားသုံးခဲ့ပါတယ်။ ဒါ့ကြောင့် ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာပင် စပါးတင်းပေါင်း ၂၃၉ သန်းတင် ပိုလျှံခဲ့ပါတယ်။ ပြည်တွင်း ပိုလျှံမှုကို ပြည်ပကိုတင်ပို့ရောင်းချနိုင်ခြင်း မရှိပါက စပါးစျေးနှုန်းဟာ ကျဆင်းမှာပါပဲ။ အဓိကလိုအပ်နေတာ ပြည်ပစျေးကွက်ပါပဲ။ ပြည်ပစျေးကွက်ကို စပါးသက်သက်ဖြစ်စေ ဆန်သက်သက်ဖြစ်စေ ပို့ဆောင်နိုင်ဖို့လိုပါတယ်။

“ သူတို့ကြမ်းခင်းစျေးသတ်မှတ်တာကတော့ ဧည့်မထအုပ်စုကို သတ်မှတ်တာပေါ့။ သူတို့ ကြမ်းခင်းစျေးသတ်မှတ်ပြီးတော့ ဝယ်ခိုင်းပေမဲ့ ကုန်သည်တွေက ဘယ်ဝယ်မလဲ။ သူတို့က ဘယ်ဝယ်ချင်မလဲ။ သူတို့က စျေးကွက်စီးပွားရေးစနစ်အရဆိုပြီးတော့ ကြိုက်ထိုးကြိုက်ခံနဲ့ပဲ ဝယ်ချင်တာ။ အစ်ကိုပထမ တစ်ခေါက် လွှတ်တော်မှာ မေးတုန်းကလည်း အဲဒီလိုပြန်ဖြေထားတာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးတယ်ဆိုတာ လုပ်ထားတော့ အစိုးရဘက်က ထိန်းကျောင်းတဲ့အနေနဲ့ လိုက်လုပ်တယ်။ လုပ်သော်ငြားလည်းပဲ တကယ့်မြေပြင်မှာကျတော့ ကုန်သည်တွေက တကယ့် ဒီစျေးနှုန်းနဲ့ မကိုက်ညီတော့ မဝယ်ဘူးပေါ့။ မဝယ်တော့ ကတ္တားပိုပြီးတော့ ချိန်တာတို့၊ အဖျင်း အမှော်ပါတာတို့ အကြောင်းပြတာပေါ့နော်။ ဒီမှာဖြစ်နေတာက စပါးနဲ့ပတ်သက်ပြီးတော့ ကြိတ်တဲ့အခါမှာ ကြိတ်ခွဲတဲ့အခါမှာ ကျန်တဲ့ဆန်ထွက်ပစ္စည်းတွေက ဒီမှာစျေးမရဘူး။ စျေးမရတဲ့အခါကျတော့ ဆန်စက်တွေက ဒီလောက်ပေးမဝယ်နိုင်ဘူး။ အဓိကကတော့ အစ်ကိုတို့အမြင်ကတော့ စပါးစျေးနှုန်း မသတ်မှတ်ခင်ကာလ နှစ်လ၊ သုံးလအလိုက ပြည်ပစပါးဝယ်ယူဖို့ ကမ်းလှမ်းသေးတယ်။ အဲဒီလိုစပါးတွေက တောက်လျှောက် ထွက်သွားတော့ စပါးစျေးက ခြောက်သိန်းစျေး၊ ခုနစ်သိန်းစျေးအထိ ထိုးမြင့်သွားတာရှိတယ်လေ။ ဖြစ်နိုင်ရင်တော့ အဲဒီလိုမျိုး မထိန်းချုပ်ဘဲနဲ့ စပါးကိုစပါးအတိုင်း ရောင်းဝယ်ခွင့်ကိုပေးလိုက်။ တစ်ဖက်က လုပ်ငန်းရှင်တွေက ပြန်ကန့်ကွက်တယ်ဆိုတာ ဒါကတော့ အခုလိုကျတော့လည်း လယ်သမားတွေဘက်က သူတို့ပြန်ကြည့်တာမှ မဟုတ်တာ။ အခုလို ပြည်ပက ဆန်ပဲပြန်ပို့ရမယ်လို့ ပြောတဲ့အခါကျတော့ သူတို့ကလည်း ဒီလယ်သမားကို ပြန်မကြည့်ဘူး။ အဲဒီတော့ လယ်သမားက စပါးအတိုင်း ရောင်းမယ့်အခါကျတော့လည်း သူတို့ဆန်စက်တွေ မလည်ရမှာစိုးလို့ ဒါကိုကန့်ကွက်တယ်။ သူတို့က စျေးကွက်မှာ စပါးကုန်သွားမှာစိုးလို့ဆိုတဲ့ သဘော။ ဒီမှာက နှစ်လ၊ သုံးလကြာရင် အခုဆို နှစ်လခွဲစပါးတို့၊ သုံး လစပါးတို့ ပေါ်လာတော့ စပါးဆိုတာ စိုက်ပြီး သိပ်မကြာဘူး။ အခုတစ်လကျော်ဆိုရင် ပေါ်တော့မယ်။ နောက်စိုက်တွေကလည်း နောက်နှစ်လကျော်လောက်ဆို ပေါ်လာမယ်။ အဲဒီတော့ ပြည်ပက စပါးကြိုက်တယ်ဆိုရင် စပါးအတိုင်း ရောင်းဝယ်ခွင့်ပေးမှသာလျှင် ဒီကိစ္စက တောင်သူတွေအတွက်အေးမှာ” ဟု ၎င်းကိုယ်တိုင်လည်း လယ်ယာစိုက်ပျိုးသူဖြစ်ပြီး လွှတ်တော်အတွင်း လယ်သမားများ အကျိုးပြုမေးခွန်းများစွာကို မေးမြန်းခဲ့သူ ဓနုဖြူမြို့နယ် မဲဆန္ဒအမှတ်(၁)မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောပါတယ်။
တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ကရော မြန်မာ့ဆန်အတွက် အကျိုးဖြစ်စေမှာလား

မြန်မာဆန်စပါးရဲ့ အဓိကမှီခိုအားထားရတဲ့ စျေးကွက်တစ်ခုဟာ တရုတ်စျေးကွက်ပါပဲ။ အခြားသော နိုင်ငံများကို ပို့ဆောင်မှုများ အနည်းငယ်ရှိသော်လည်း အဓိကအားဖြင့် တရုတ်စျေးကွက်ကိုသာ မှီခိုနေရတာပါ။ တရုတ်စျေးကွက် ပိတ်ထားချိန်ကစတင်ပြီးတော့ စပါးစျေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေတာက သက်သေပါပဲ။ မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာတဲ့ တရုတ်သမ္မတရှီကျင်ပင်းရဲ့ ခရီးစဉ်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ ဆန်စပါးစျေးကွက်ကို အပြောင်းအလဲတစ်ခု ဖြစ်စေမလားဆိုတာ မျှော်လင့်နေကြသူများလည်း ရှိပါတယ်။

“ အခု တရုတ်သမ္မတကြီးလာတယ်။ တရုတ်သမ္မတကြီးပြန်သွားရင် ဘာတွေဖြစ်မလဲ။ သူတို့နိုင်ငံ တရုတ်ကပဲ စပါးပြန်ပြီး ဆန်ပြန်ပြီးဖွင့်ပေးမလား။ ဖွင့်ပေးမယ်ဆိုရင်တော့ အခုနွေစပါးကအဆင်ပြေမှာပဲ။ တရုတ်ကလည်း ဖွင့်မပေးဘူးဆိုရင်တော့ စျေးရစရာ အကြောင်းမရှိဘူးပေါ့။ လိမ်ဖည်လိမ်ဖည် ဖြစ်နေဦးမှာပေါ့” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောပါတယ်။ 
တောင်သူတွေ တကယ်အဆင်ပြေစေလိုလျှင်

နိုင်ငံတော်ရဲ့ စပါးဝယ်ယူရေးအစီအစဉ်ဟာ တောင်သူများအတွက်တော့ မိုးလွန်မှထွန်ချတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ခဲ့ပါတယ်။ လာမယ့်နွေရာသီ စပါးပေါ်ချိန်အတွက်တော့ အဆင်သင့်ဖြစ်ချင်ဖြစ်ပေမဲ့ ဒီတစ်ရာသီမှာတော့ တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါပြီ။ တောင်သူများဟာ အကြွေးနွံထဲ ထပ်ရောက် ရပြန်ပါပြီ။ ဘာ့ကြောင့် အကြွေးနွံထဲ ထပ်ရောက်ရပြန်ပြီလဲဆိုလျှင် လက်ရှိနိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ စပါးကြမ်းခင်းစျေးနှုန်းအတိုင်းဖြင့် တောင်သူများရဲ့ဝင်ငွေကို တွက်ချက် အချိုးချကြည့်လိုက်ပါက အဖြေ ပေါ်ထွက်လာမှာပါ။ ဥပမာ ပျမ်းမျှတွက်ချက်မှုများအရ လယ်တစ်ဧကကို သွင်းအားစု ကုန်ကျစရိတ်ဟာ ကျပ်နှစ်သိန်းဝန်းကျင်ရှိပါတယ်။ လယ်တစ်ဧကရဲ့ အထွက်နှုန်းဟာ ပျမ်းမျှ စပါးတင်း ၇၀ ပါ။ တင်း ၁၀၀ ကို ကျပ် ငါးသိန်းဖြင့် တွက်ချက်ကြည့်ပါက လယ်တစ်ဧကလျှင် အမြတ်ဟာ ကျပ်တစ်သိန်းငါးသောင်းပဲရှိပါတယ်။ လယ် ၁၀ ဧကပိုင်ဆိုင် ပြီးတော့ မိသားစုလေးဦးရှိတဲ့ တောင်သူတစ်ဦးရဲ့ မိသားစုတစ်ခုတစ်စုလုံးအတွက် တစ်နေ့ဝင်ငွေဟာ ဘယ်လောက်ရှိမလဲ။ တစ်နှစ်မှာ နှစ်သီးစား စိုက်ပျိုးလို့ရတယ်ထားဦး။ မိသားစုလေးဦးအတွက် တစ်နေ့တာ ဝင်ငွေဟာ ကျပ် ၈၂၀၀ စွန်းစွန်းသာ ရရှိပါတယ်။ ဒါ့ကြောင့် လယ်ပျက်စျေးကျနေတဲ့ တောင်သူတွေအဖြစ်ဟာ အကြွေးနွံမနစ်ဘဲ မနေတော့ပါဘူး။

တောင်သူတွေကို ဘယ်သီးနှံက ဘယ်လိုစိုက်ပျိုးပြီး အကျိုးဖြစ်စေမယ် ဒီသီးနှံအတွက် ဘယ်လိုအာမခံပေးမယ်ဆိုတာကို တိကျသေချာစွာ သတ်မှတ်ပေး၊ အချက်အလက်များကို ကွင်းများအထိအရောက် ပို့ဆောင်ပေးဖို့ လိုနေပါတယ်။ ပြည်တွင်းစားသုံးမှုထက် လွန်စွာပိုလျှံမှုတွေကို စျေးကွက်အသစ် အသစ်ရှာဖွေမှုတွေနဲ့ ဖြေလျှော့ဖို့လိုနေပါတယ်။ ဒါ့အပြင် ပြောင်းလဲစိုက်ပျိုးသင့်တဲ့ သီးနှံတွေကို နေရာအလိုက်၊ ဒေသအလိုက် ခွဲဲခြမ်းလေ့လာပြီးတော့ တောင်သူတွေ လွယ်ကူစွာ စိုက်ပျိုးနည်း အသွင်သစ်ပြောင်းဖို့ လုပ်ဆောင်ပေးဖို့လိုနေပါတယ်။ မိုးလွန်မှ ထွန်ချမိရင်တော့ လုပ်သာလုပ်တယ်။ အကျိုး မဖြစ်ဆိုသလိုမျိုး ဆက်လက်ကြုံတွေ့နေရဦးမှာပါပဲ။

Comments